Tuesday, November 6, 2012

မြင်းလေးမျိုး၊ လူလေးမျိုး




ဤလောက၌မြင်းလေးမျိုးရှိလေ၏။ လူလည်းလေးမျိုးရှိလေ၏။

ပထမမြင်းကား နှင်တံရိပ်ကိုမြင်ကာမျှဖြင့် မြင်းထိန်း၏သဘောကို ကောင်းစွာသိ၏။ ယနေ့ ငါ၏သခင်သည် အဘယ်ကိစ္စမျိုးကို ခိုင်းစေမည်နည်း။ ငါသည် သခင့်အတွက် ဘယ်သို့ လုပ်ဆောင်ရမည်နည်းဟူ၍ ဆင်ခြင်တတ်၏။ ထိတ်လန့်တတ်၏။

ဒုတိယမြင်းကား နှင်တံရိပ်ကိုမြင်ကာမျှဖြင့် ကောင်းစွာမသိတတ်။ မဆင်ခြင်တတ်။ ထိတ်လန့်တုန်လှုပ်ခြင်းမရှိ။ နှင်တံဖြင့် အမွေးကို တို့ထိမှသာလျှင် ကောင်းစွာသိတတ်၏။ ဆင်ခြင်တတ်၊ တုန်လှုပ်ထိတ်လန့်တတ်၏။

တတိယမြင်းကား နှင်တံရိပ်ကိုမြင်ရုံမျှဖြင့်၊ အမွေးကိုထိတို့ရုံမျှဖြင့် မသိတတ်၊ မဆင်ခြင်တတ်၊ ထိတ်လန့်တုန်လှုပ်ခြင်းမရှိ။
နှင်တံဖြင့် အရေကိုထိမှသာလျှင် သိတတ်၏၊ ဆင်ခြင်တတ်၊ တုန်လှုပ်ထိတ်လန့်တတ်၏။

စတုတ္ထမြင်းကား နှင်တံရိပ်ကိုမြင်ကာမျှဖြင့်၊ အမွေးကိုထိတို့ကာမျှဖြင့်၊ အရေကိုထိတို့ကာမျှဖြင့် မသိတတ်၊မဆင်ခြင်တတ်၊
ထိတ်လန့်တုန်လှုပ်ခြင်းမရှိ။ နှင်တံဖြင့် အရိုးကို ထိမှသာလျှင် ကောင်းစွာသိ၏။ ဆင်ခြင်တတ်၊ တုန်လှုပ်ထိတ်လန့်တတ်၏။
ဤကားဥပမာစကားတည်း။

အချို့သောပုဂ္ဂိုလ်သည် အရပ်တစ်ပါးမှ တစ်စုံတစ်ယောက်သော မိန်းမယောကျာ်းတို့ မှားယွင်းသော မကောင်းမှုကြောင့် အပြစ်ဒဏ်ခံရသည်၊ စိတ်ဆင်းရဲပင်ပန်းသည်၊ အနာရောဂါနှိပ်စက်သဖြင့် ကိုယ်ဆင်းရဲပင်ပန်းသည်၊ သေကျေပျက်စီးသည်ဟု သတင်းစကားကြားရုံမျှဖြင့် မိမိအတွက်ဆင်ခြင်မိ၏၊ တုန်လှုပ်ထိတ်လန့်မိ၏။
ထိုပုဂ္ဂိုလ်မျိုးသည် ပထမမြင်းနှင့် တူပေ၏။

အချို့သောပုဂ္ဂိုလ်သည် အရပ်တစ်ပါးမှ တစ်စုံတစ်ယောက်သော မိန်းမယောကျာ်းတို့ မှားယွင်းသော မကောင်းမှုကြောင့် အပြစ်ဒဏ်ခံရသည်၊ စိတ်ဆင်းရဲပင်ပန်းသည်၊ အနာရောဂါနှိပ်စက်သဖြင့် ကိုယ်ဆင်းရဲပင်ပန်းသည်၊ သေကျေပျက်စီးသည်ဟု ကိုယ်တိုင်မြင်တွေ့မှသာလျှင် မိမိအတွက်ဆင်ခြင်မိ၏၊ တုန်လှုပ်ထိတ်လန့်မိ၏။
ထိုပုဂ္ဂိုလ်မျိုးသည် ဒုတိယမြင်းနှင့်တူ၏။

အချို့သောပုဂ္ဂိုလ်သည် မိမိ၏ဆွေမျိုးရင်းချာထဲက တစ်စုံတစ်ယောက်သော မိန်းမယောကျာ်းတို့ မှားယွင်းသော မကောင်းမှုကြောင့် အပြစ်ဒဏ်ခံရသည်၊ စိတ်ဆင်းရဲပင်ပန်းသည်၊ အနာရောဂါနှိပ်စက်သဖြင့် ကိုယ်ဆင်းရဲပင်ပန်းသည်၊ သေကျေပျက်စီးသည်ဟု ကြုံတွေ့မှသာလျှင် မိမိအတွက်ဆင်ခြင်မိ၏၊ ထိတ်လန့်တုန်လှုပ်မိ၏။
ထိုပုဂ္ဂိုလ်မျိုးသည် တတိယမြင်းနှင့်တူပေ၏။

အချို့သောပုဂ္ဂိုလ်သည် မိမိကိုယ်တိုင်ပင် မှားယွင်းသော မကောင်းမှုကြောင့် အပြစ်ဒဏ်ခံရသောအခါမှ၊ စိတ်ဆင်းရဲ ပင်ပန်းရသောအခါမှ၊ အနာရောဂါနှိပ်စက်သဖြင့် ကိုယ်ဆင်းရဲ ပင်ပန်းသောအခါမှ၊ သေလောက်သောဘေးကို ကြုံတွေ့ရသောအခါမှ မိမိအတွက် ဆင်ခြင်မိ၏၊ ထိတ်လန့်တုန်လှုပ်မိ၏။
ထိုပုဂ္ဂိုလ်မျိုးသည် စတုတ္ထမြင်းနှင့် တူပေ၏။

(ဗုဒ္ဓ၊ ပတောဒသုတ်)
Credit-အနှိုင်းမဲ့စာတိုပေစများ

အေးချမ်းမွန်မှ နှလုံးသားအာဟာရ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :နှလုံးသားအာဟာရ

0 comments:

Post a Comment