Tuesday, November 6, 2012

တောင်ကြီးမြို့ မီးပုံးပျံ သမိုင်းမှတ်တမ်း



သက္ကရာဇ် ၁၂၀၀ခန့်က တည်ရှိနေသော ပအိုဝ်းရွာ “ဒုံတောင်ကျည်း” ရွာရှိသည်။ ရေကန် ၄ကန် နှင့် အင်းကြီး ၁အင်း ရှိသည်။ အင်္ဂလိပ်အစိုးရ မိုင်းသောက်တွင် ရုံးစိုက်ရာမှ အသွားအလာ၊ ကျန်းမာရေး ကိစ္စများကြောင့် မြို့သစ် တည်ရန်အတွက် တောင်ကြီးရွာကို ရွေးချယ်ခဲ့သည်။ မြန်မာသက္ကရာဇ

် ၁၂၅၃ခု၊ ခရစ်နှစ် ၁၈၉၀တွင် တောင်ကြီးမြို့အဖြစ် တည်ထောင်ခဲ့သည်။ ပင်လယ်ရေပြင်အမြ

င့် ၄၇၁၂ပေ - တောင်ကြီးမြို့ တောင်ချွန်းအထိ ပင်လယ်ရေပြင်အမြင့် ပေ၅၆၀၀ကျော်ရှိသည်။ အင်္ဂလိပ်ခေတ်တွင် မီးပုံးပျံများကို အများအပြား လွတ်တင်နေပြီး ဗျောက်အိုးများလည်း အိမ်တိုင်းနီးပါး ဖောက်ကြသည်။ ဗျောက်အိုးဖောက်လျှင် မကောင်းဆိုးဝါးများ ပြေးသည်ဟု အယူရှိသည်။ မီးပုံးပျံလွတ်ပါက ကံကောင်းစေသည်၊ ကံဇာတာ တက်သည်ဟူသော အယူရှိခဲ့ကြသည်။ မြန်မာသက္ကရာဇ် ၁၃၀၂ခု၊ ခရစ်နှစ် ၁၉၄၁ခုနှစ် တန်ဆောင်မုန်းလမှာ ကုန်သာကျောင်းဘုန်းကြီးက ဦးစီး၍ ဦးထား၊ ဦးချစ်၊ ဦးရီ(ဦးဖိုးရီ)တို့ စုပေါင်း၍ ခေါင်အချင်း ပေ၅၀ခန့် မီးပုံးပျံကြီးကို ပြုလုပ်ခဲ့ကြသည်။ ၄င်းမီးပုံးပျံကို ပိတ်စဖြင့်ပြုလုပ်ကာ အပ်ချုပ်စက်ဖြင့် ချုပ်လုပ်ခဲ့သည်။ စာရေးကတော် ဒေါ်သင့်နှင့်အဖွဲ့၊ ကူညီကုန်း အောင်မြင်ဝပ်ရှော့ (ဆရာမ ဒေါ်သန်းမြ၏အမေ) အုပ်စုက တာဝန်ယူ ချုပ်ပေးခဲ့သည်။ မီးပုံးပျံ ချုပ်ချိန်မှာ ၁လ ကြာမြင့်သည်။မီးစာကို သံနှင့်ပြုလုပ်၍ သင်္ကန်းစနှင့် ကျစ်၍ ရေနံချေးအသုံးပြုကာ ပြုလုပ်သည်။ မီးစာ၏ အရွယ်အစားမှာ လုံးပတ် အချင်း ၂ပေခန့် ရှိသည်(လူတပွေ့စာ)။ မီးစာအမြင့် ၁၀ပေခန့် ရှိသည်။ ၄င်းမီးစာကို မြေဖြူတောင် ရပ်ကွက် (အနောက်ကုန်း) နေ ဦးလှဖေ နှင့် အဖွဲ့က တာဝန်ယူ၍ ပြုလုပ်ပေးခဲ့သည်။ ၄င်းအချိန်က ကုန်းသာကျောင်းသည် တဲကျောင်းကလေးသာ ဖြစ်သည်။ ၄င်းမီးပုံးပျံကို ကုန်းသာကျောင်း ကုန်းပေါ်တွင် လွတ်သည်။ မီးပုံးပျံ လွတ်တင် မှိုင်းခံသည့် နေရာနှင့် ကိုက် ၁၀၀ခန့် အကွာတောင်စောင်းမှ မီးပုံးပျံ လွတ်တင်မည့် မှိုင်းခံမည့်နေရာထိ မြောင်းတူး၍ ၄င်းမြောင်းအပေါ် သစ်၊ ၀ါးတို့ဖြင့် ခင်းပြီး မြေဖို့ကာ လှိုင်ခေါင်းပြုလုပ်သည်။ မီးပုံးပျံ မှိုင်းခံမည့်နေရာတွင် ပေပါကို အထက်အောက် ဖွင့်၍ မြေထဲအနည်းငယ်မြုတ်၍ မှိုင်းထွက်ပေါက် ပြုလုပ်သည်။ ၄င်းလှိုင်ခေါင်းအစ တောင်စောင်းနေရာတွင် မီးထဲ့ရန် မြေကျင်း ကျယ်အောင်တူး၏။ လှိုင်းခေါင်းအစတွင် ကျယ်၍ မှိုင်းထွက်ပေါက် ရောက်ခါနီးတွင် တဖြည်းဖြည်းကျဉ်းသွားသည်။ မီးထည့်ရန် လောင်စာအဖြစ် ထင်းများ အသုံးပြုသည်။ မီးပုံးပျံကို ကြိုး ၄ကြိုးဖြင့် သစ်ငုတ် ၄ပင်တွင် ချည်နှောင်ထားရသည်။ မီးပုံးပျံကို မှိုင်းထွက်ပေါက်ဖြင့် မှိုင်းခံစေပြီး မှိုင်းထောင်ပါက မီးဇာတပ်ခြင်း အပါအ၀င် လိုအပ်ချက်များ အားလုံးကို ကုန်းသာဘုန်းကြီး ညွှန်ကြားသည့်အတိုင်း ဆောင်ရွက်ကြရသည်။ ၄င်းမီးပုံးပျံ၏ အောက်တွင် ထီး၊ ချိုင့်၊ ဖိနပ်၊ အင်္ကျီ၊ လုံချည်၊ ပိတ်စ၊ ပိတ်အုပ်၊ ပန်းကန်မျိုးစုံ၊ ဆေး၊ ဆီပုံး၊ ရေနံဆီပုံး၊ ဆန်အိတ်ငယ်များ၊ သင်္ကန်၊ သပိတ် နှင့် နာရီ၊ လူအသုံးအဆောင် ပစ္စည်းမျိုးစုံကို ပန့်သကူပစ္စည်းအဖြစ် ပိတ်လေထီးများဖြင့် မီးပုံးပျံမှ အောက်သို့ ဖြုတ်ချရန် ဆောင်ရွက်ထားသည်။ ၄င်းပစ္စည်းများချိတ်ဆွဲရန် အောက်ဆွဲထည်ကို ၀ါးဖြင့်ခိုင်ခံ့အောင် ပြုလုပ်သည်။ ထောင့်လေးထောင့်တွင် အရပ်လေးမျက်နှာကို စောင့်ကြပ်သော နတ်မင်းကြီး ၄ရုပ် အမြင့် ၈ပေခန့် ပါရှိသည်။ နတ်သားတရုတ်တွင် ငွေကျပ် ၂၅ကျပ်စီ ထဲ့ထားသည်။ ၄င်းအချိန်တွင် ဆီစိမ်စက္ကူ၊ ရေပါးစက္ကူ ၄ရွက်ကို တစ်ပြားသာပေးရပြီး တပဲကို ၁၆ရွက် ရသည်။ ရှမ်းဆန် အကောင်းဆုံး(နို့ဆီဗူး) ၁၂လုံးတိုက်၊ ၁၀ပြည်ကို ၁ကျပ်သာ ပေးရသည်။ ၄င်းအချိန်တွင် ဗမာဆန် ရှမ်းပြည်သို့ မရောက်သေးပေ။ မီးပုံးပျံ မှိုင်းဝပြီး မီးစာကို မီးရှို့ကာ မီးပုံးပျံဆွဲပြီဟု ယူဆသော အချိန်တွင် မီးပုံးပျံကို ကြိုး ၄ကြိုးဖြင့် သစ်ပင်ငုတ်တွင် ချည်ထားသည့် ကြိုး ၄ပင်ကို ဘုန်းကြီး ၄ပါးက ဆရာတော် အချက်ပေးသည်နှင့် တပြိုင်နက် ဓါးရှည်ဖြင့် ခုတ်ဖြတ်ရသည်။ ထိုသို့ ခုတ်ဖြတ်ရာတွင် ရာဟုထောင့်မှ တာဝန်ယူခုတ်ဖြတ်ရသော ဘုန်းကြီးမှာ အနည်းငယ်နောက်ကျ သွားသဖြင့် ၄င်းမီးပုံးပျံ နာသွားသည်ဟု ဆိုကြသည်။ ၄င်းမီးပုံးပျံသည် အရှေ့ဘက်သို့ တက်သွားပြီး ထီးနှင့်ချိုင့် နှစ်ခုသာ လေထီးနှင့် ကျလာပြီး အမြင့် ကိုက် ၄၀၀ကျော်တွင် ၀ုန်း ဆိုသော အသံကျယ်ကြီး မည်၍ မီးပုံးပျံ ကွဲကျသွားသည်။ ကြည့်နေသောသူများ လန့်၍ ထွက်ပြေးကြသည်။ ၄င်းမီးပုံးပျံကြီးသည် ယခုအနောက်မြို့ပတ်လမ်း၊ ကုန်းသာကျောင်းအတက် မုတ်ဦး အနီးတွင်ရှိသော မြို့ပတ်လမ်းနှင့် တောင်ကျောင်းလမ်းဆုံ ပန်းခြံတွင် ကျပြီး မီးလောင်ခဲ့သည်။ ၄င်းမီးလောင်နေသော ပိတ်စများကို ရေချောင်းထဲသို့ ဆွဲယူမီးငြိမ်း၍ ယူကြသည်။ အချို့လူများက ရသော ပိတ်စများကို ခြင်ထောင် ချုပ်ရာတွင် တစ်ယောက်ကို ခြင်ထောင် ၁လုံး ၂လုံးစာ ရကြသည်။ ၄င်းမီးပုံးပျံကြီး မအောင်မြင်သဖြင့် ရှမ်းစက္ကူ နှင့် ခေါင်အချင်း ၂၄ပေခန့် အရွယ်အစားကို ပြန်လုပ်၍ အောက်တွင် ငွေဒင်္ဂါးများ ထဲ့၍ လေထီးဖြင့် ဖြုတ်ချသည်။ ၄င်းမီးပုံးပျံကြီးသည် ကုန်းသာကျောင်းမှ အရှေ့ဘက်သို့ တက်သွားသည်။ မီးပုံးပျံသွားရာ လမ်းကြောင်းအတိုင်း လူအများလိုက်၍ ငွေဒင်္ဂါးများ ကျရာတွင် လိုက်၍ လုကြသည်။ ထိုကဲ့သို့ ရှမ်းစက္ကူဖြင့် ပြုလုပ်သော မီးပုံးပျံမျိုးကို အခြားဘုန်းကြီးကျောင်းများကလည်း ရှမ်းစက္ကူ အရွက် ၄၀၀၊ ၅၀၀ အရွယ်အစား ပြုလုပ်၍ အခါအားလျှော်စွာ လွတ်တင်ကြလေသည်။ ၁၉၄၅ခုနှစ် တန်ဆောင်မုန်းလတွင် ဂါတ်တဲပွဲကို OurDay ပွဲ အမည်ဖြင့် ပွဲစတင်လုပ်သည်။ ၄င်းအချိန်က လူအများအခေါ်(အာဝါတေး) အသံထွက်သည်။ အချို့က ၄င်းပွဲကို နွားလည်း များဖြင့်သွားကြသည်။ ဂါတ်တဲဝင်းထဲတွင် ၀င်္ကာဘာ ပြုလုပ်၍လည်းကောင်း၊ အငြိမ့်ပွဲ၊ ပျော်ပွဲရွှင်ပွဲများ ကျင်းပကြသည်။ ၄င်းပထမအကြိမ် ဂါတ်တဲပွဲတွင် မန္တလေးမှ သြဘာရ မအေးတင် အငြိမ့်စ၍ ကခဲ့သည်။၎င်းပွဲကို ဟော်ကုန်းပိုင်း၊ အလယ်ကျင်းပိုင်း၊ တောင်ပိုင်း စသော ရပ်ကွက်များမှ မီးကြာကပ်များ ကိုင်ဆောင်၍ မီးပုံးပျံများ အပျော်သဘောဖြင့် ဈေးကြီးတောင်ဘက်တွင် လာရောက်လွတ်ကြသည်။ (၄င်းမီးပုံးပျံများတွင် ယမ်း၊ မီးပုံးများ ချိတ်ဆွဲခြင်း မရှိ၊ ရိုးရိုးမီးပုံးပျံများ ဖြစ်ကြသည်။) ဈေးကြီး ပတ်ဝန်းကျင်တွင် ညောင်ပင်ကြီးများ ရှိသည်။ အကာအရံမရှိသေးပါ။ နောင်နှစ်များတွင် ရပ်ကွက်များမှ ဆက်လက်၍ မီးပုံး၊ မီးကြာကပ်များ ကိုင်ဆောင်ခြင်း၊ မြို့လယ်ဓမ္မာရုံဘုရားကို မီးပူဇော်ရန်၊ သင်္ဘောနာနတ်ပင်များ သစ်ပင်သစ်ကိုင်းများ၊ ၀ါးပင်များတွင် မီးပုံးရောင်စုံများ ချိတ်ဆွဲထွန်းညှိကာ ဘုရားမီးပူဇော်ရန် အလှအပဆင်၍ ယူဆောင်လာခြင်း၊ မီးပုံးပျံများလည်း ယူဆောင်လာကာ၊ ယခု ညဈေး(ယခင် ကလေးကစားကွင်း)၊ ဂါတ်တဲဝင်း၊ ဘဏ်နေရာတွင်လည်းကောင်း လွတ်တင်ခဲ့ကြသည်။ ထိုကဲ့သို့ လွတ်တင်ခဲ့ကြရာမှ တရပ်ကွက်နှင့် တရပ်ကွက် အပြိုင်အဆိုင် ပြုလုပ်လာကြပြီး ပြိုင်ပွဲအသွင် ဆောင်လာခဲ့သည်။ (ပြိုင်ပွဲ အဆင့်မရောက်သေးပေ) သင်္ဘောနာနတ် - ၀ါးပင်၊ သစ်ပင်များတွင် မီးပုံးရောင်စုံများ ချိတ်ဆွဲ၍ ယူဆောင်လာရာမှ တရပ်ကွက်နှင့် တရပ်ကွက် အပြိုင်အဆိုင် သူ့ထက် ငါလှအောင် ပြုလုပ်လာရာမှ မီးပဒေသာ ပြိုင်ပွဲ အသွင် ဆောင်လာခဲ့သည်။ ထိုအချိန်က ရပ်ကွက်များမှ ရှမ်းအိုးစည်၊ ဓနုအိုးစည်၊ ရွှေအိုးစည် များတီးခတ်ကာ မီးလာရောက်ပူဇော် ကြသည်။ မီးပုံးပျံများ လွတ်တင်ပြီး “……. မီးကို နိုင်ချင်လျှင် ဆယ်နှစ်ဆယ်မိုး ကြိုးစားပါအုံး။” သံချပ်များထိုးကာ ပျော်ရွှင်မြူးတူး ကခုန်ကြသည်။ တရပ်ကွက်နှင့် တရပ်ကွက် သူ့မီးသာသည်၊ ငါ့မီးသာသည်ဟု အငြင်းပွားကြရာမှ မြို့မိ မြို့ဖ များနှင့် သမာသမတ် ရှိသူများက အကဲဖြတ်ပေးကြ ရသော အဆင့်ကို ရောက်ခဲ့ပါသည်။ ၁၉၅၁ ခုနှစ်လောက်တွင် ညဈေးတန်းနေရာတွင် မီးပုံးပျံများကို အောက်တွက် မီးပုံးများ ချိတ်ဆွဲ၍ လွတ်တင်ခြင်း၊ မီးပုံးများကို ကြိုးတွင် တန်းစီ၍ မီးပုံးပျံ နှစ်လုံးတွင် ဆွဲကာ လွတ်တင်ခဲ့ကြသည်။ ၁၉၅၂ ခုနှစ်လောက်တွင် မီးပုံးပျံများကို ယမ်းထုတ်များ ချိတ်ဆွဲ၍ လွတ်တင်လာခဲ့ကြသည်။ ၄င်းအချိန်တွင် (ယမ်းစိမ်း၊ မီးသွေး၊ အုန်းဆံကြိုးကို တောက်တောက်စင်း၍ သုံးမျိုးရောစပ်ကာ မီးဖွားများ ကောင်းကင်တွင် လွင့်စင်စေခြင်းဖြင့် လှပအောင် စီမံပြုလုပ်လာခဲ့သည်။ အုန်းဆံကြိုးထည့်ရခြင်းမှာ အုန်းဆံကြိုးမီးဖွားသည် ကောင်းကင်တွင် ကြာရှည်ခံခြင်းကြောင့် ထည့်ခြင်းဖြစ်သည်။၁၉၅၃-၁၉၅၄ လောက်တွင် မီးပန်းများ၊ ဗျောက်အိုးများ ချိတ်ဆွဲကာ မီးပန်းချောင်းကလေးများ ကောင်းကင်တွင် လှပစွာ ကျဆင်းလာစေရန် မီးပန်းစနက်များဖြင့် စတင်ပြုလုပ်လာခဲ့သည်။ ရိုးရာမီးရှူးများဖြင့် ပြုလုပ်သည့် မီးရှူးများပါ ထည့်သွင်းလွတ်တင်ကြသည်။ ၁၉၅၆-၅၇ခုနှစ်လောက်တွင် လေယာဉ်သံများ အသုံးပြု၍ မီးကျည် အဖြူရောင်များ စတင်အသုံးပြုလာခဲ့ပါသည်။ ထိုမှတဆင့် ၁၉၅၇-၅၈ခုနှစ် လောက်မှသာ သိမ်တောင်ဆရာတော်မှ ယမ်းစပ်နည်း (မြန်မာ့နည်းမြန်မာ့ဟန်) ဖြင့် ယမ်းစိမ်း၊ ထုံး၊ ကန့်၊ ဒုတ္ထာ များဖြင့် အရောင်များ တီထွင်စမ်းသပ် လာခဲ့သည်။ တောင်ပိုင်းရပ်ကွက်မှ မီးဆရာ ဦးဆောင်သည် ဗမာပြည်မှ ယမ်းစပ်နည်းကို သင်ယူရရှိပြီး အရောင်များ အသုံးပြုလာခဲ့ပါသည်။ ထိုအချိန်က မီးဆရာများဖြစ်ကြသော ဦးဆောင်၊ ဦးဖိုးရီ၊ ဦးတုံး စသော နာမည်ကြီး မီးဆရာများသည် ယမ်းစပ်နည်းများကို ကြိုးစာရှာဖွေ၍ လုပ်ဆောင်ခဲ့ကြရာမှ ၁၉၆၀-၆၁-၆၂ ခုနှစ်များတွင် မီးပုံးပျံများ အဆင့်မြင့်လာခဲ့ပြီး ရောင်စုံ ယမ်းအလှအပများကို ကြည့်ရှု့ခံစား နိုင်ခဲ့ကြသည်။ ၄င်းမီးဆရာ ၃ဦးမှ တဆင့် တပည့်များမွေးဖွားကာ ဆက်လက်၍ မီးပုံးပျံ အဆင့်မြင့်မားလာစေရန် ကြိုးစားရှာဖွေ ခဲ့ကြရာမှ ၁၉၆၉-၇၀-၇၁ ခုနှစ်လောက်တွင် ခိုပျံ၊ မီးစင်္ကြာ၊ မီးလင်းမြွေများ တီထွင်၍ အသုံးပြုလာခဲ့ကြသည်။ နိုင်ငံခြား ယမ်းစပ်နည်းများ လေ့လာ၍ ဓါတုပစ္စည်းများ အနည်းငယ် အသုံးပြုခဲ့ကြသည်။ ၁၉၆၀-၆၁ ခုနှစ်တွင် မီးပဒေသာ ပြိုင်ပွဲများ အကြီးအကျယ် ပေါ်ထွန်းလာခဲ့သည်။ စေတီပုံများ ကျောင်းဆောင်ပုံများ ပြုလုပ်ပြိုင်ပွဲ ၀င်လာခဲ့ကြသည်။ ကံသာရပ်နှင့် တောင်ပိုင်းတို့ အချင်းများခဲ့ရာမှ မီးပဒေသာ ပြိုင်ပွဲ ဆက်လက်ကျင်းပ နိုင်ခြင်း မရှိတော့ပေ။ ၁၉၇၆-၇၇ ခုနှစ် ၀န်းကျင်တွင် မီးပုံးပျံအဆင့်သည် တိုးတက်ကောင်းမွန်လာခဲ့ပြီး ယမ်း အရောင်စုံများလည်း ကောင်းမွန်လာခဲ့သည်။ ဦးဆောင်(တောင်ပိုင်း)မှ ဦးစန်းလွင်၊ ဦးဖိုးရီ(ချမ်းမြ)မှ ဦးလှကျော် နှင့် ကိုငွေထွန်း၊ ဦးတုံး(ဈေးပိုင်း)မှ ဦးတင်ဝင်း(စံပြ) နှင့် ကိုကျော်မြင့်(စံပြ)၊ စိန်အင်းရပ်ကွက်မှ ဦးတင်လှိုင်၊ ဟော်ကုန်းရပ်မှ ဦးမောင်မောင်၊ ကိုအေးဖေ၊ သိမ်တောင်ဆရာတော်မှ ကိုဖိုးမှီ နှင့် ကိုဖိုးကြည် တို့ ပေါ်ထွက်လာခဲ့ကြသည်။ စိန်နားပန် မီးပုံးပျံ - မီးပုံးများဖြင့် မီးပုံးပျံ ကိုယ်ထည်ပေါ်တွင် ချိတ်များတပ်ဆင်၍ ပုံဖော်လာ ခဲ့ကြလေသည်။ ၁၉၇၀ခုနှစ်တွင် ကိုယ်ထည်များပေါ်တွင် ပုံများရေးဆွဲ၍ မီးပုံးများဖြင့် သရုပ်ဖော် ချိတ်ဆွဲလာခဲ့ကြသည်။ ၁၉၅၀-၅၁ ခုနှစ် ပြိုင်ပွဲ စတင်ရာတွင် ဒိုင်အဖြစ် ပန်းချီဆရာမောင်၊ သူကြီးဘဟန်၊ သူကြီးဘိုးခင်၊ ဦးစိုးမြင့်(ကန်ရှေ့) တို့က ဆောင်ရွက်ခဲ့ကြသည်။

၁၉၄၁ ခုနှစ် မီးပုံးပျံနှင့် တန်ဆောင်တိုင် အကြောင်း မီးပုံးပျံ အကြောင်းအရာများကို အောက်ပါ ပုဂ္ဂိုလ်များထံတွင် မေးမြန်းလေ့လာခဲ့ပါသည်။ ၁. သိမ်တောင်ဆရာတော်၂. ဒေါ်ရွှေမှန် အသက် ၉၂ နှစ်

တောင်ကြီးမြို့ မီးပုံးပျံ ပညာရှင်များ အသင်းမှ ပြုစုထားသော မှတ်တမ်းဖြစ်ပါသည်။

Reference and Credit to ^..^

TAUNGGYI Family
အေးချမ်းမွန်မှ News of Myanmar တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :News of Myanmar

0 comments:

Post a Comment