Wednesday, November 7, 2012
သြော်- သူမှမသိရှာပဲကိုး
တီကောင်က
မြွေကိုပြောတယ်၊
"လူနင်းမခံရအောင်
သတိထား" တဲ့၊
အနင်းခံရတိုင်း
ပြားပြားမ၀ပ်သွားတတ်တာကို
သူမှမသိရှာပဲကိုး။
အိမ်ကြောင်က
ကျားကိုပြောတယ်၊
"လူတွေက
သိပ်ကြင်နာတာပဲ" တဲ့၊
သေနတ်တကားကားနဲ့
ရမ်းကားတတ်သူတွေကို
သူမှ မမြင်ဖူးရှာပဲကိုး။
ကြွက်ကလေးက
ဆင်ကိုပြောတယ်၊
"ခြေရာမခံမိအောင်
ပုန်းနေပါလား" တဲ့၊
ဆင်သွားရာ
လမ်းဖြစ်တတ်တာကို
သူမှ မသိရှာပဲကိုး။
ဘဲလေးက
ကြက်ကိုပြောတယ်၊
"ဟိုဘက်ကမ်း
ကူးကြရအောင်" တဲ့၊
ကြက်ကလေး
ရေကူးလို့မရတာကို
သူမှ မသိရှာပဲကိုး။
ပုရွက်ဆိတ်လေးက
ဇီးကွက်ကိုပြောတယ်၊
"အရာအားလုံးကို
လိုက်ကြည့်မနေနဲ့" တဲ့၊
ဇီးကွက်မျက်လုံးက
လိုက်မကြည့်လဲ
မြင်နေတတ်တာကို
သူမှ မသိရှာပဲကိုး။
ကြက်တူရွေးက
ပါပီလေးကို ပြောတယ်၊
"လူတွေကို
ကောင်းကောင်းနှုတ်ဆက်ပါ" တဲ့၊
အိမ်ရောက်လာသူတိုင်း
ဧည့်ကောင်းမဟုတ်တတ်တာကို
သူမှမသိရှာပဲကိုး။
စီးတော်မြင်းက
ခြင်္သေ့ကိုပြောတယ်၊
"လူတွေကို လိုရာပို့ဖို့
ဂုတ်ခွစီးခွင့်
ပေးရမယ်" တဲ့၊
တောဘုရင်
ခြင်္သေ့မင်းရဲ့
စိတ်ဓာတ်က
ကြာပွတ်ဒဏ်တွေ
ခေါင်းငုံ့မခံနိုင်တာကို
သူမှမသိရှာပဲကိုး။
သြော်- သူမှ မသိရှာပဲကိုး။
ခင်မမမျိုး (၄၊ ၁၀၊ ၂၀၁၂)
အမခင်မမမျိုး၏ ကဗျာအားပြန်လဲတင်ပြပေးထားခြင်းဖြစ်ပါသည်။ ။
Subscribe to:
Post Comments (Atom)



0 comments:
Post a Comment