Tuesday, November 6, 2012



နှစ်တော်တော်ကြာကြာမတွေ့ဖြစ်တဲ့ အမျိုးသားတစ်ဦးက သိပ်အပြောင်းအလဲမများဘူး။ အနည်းဆုံးတော့ ထိပ်လေးပြောင်သွားမယ်။ ဒါမှမဟုတ် ဗိုက်ကြီးပူလာမယ် ဒီလောက်ပဲရှိတယ်။ ဒါပေမယ့် နှစ်တော်တော်ကြာကြာမတွေ့ဖြစ်တဲ့ အမျိုးသမီးတစ်ဦးက အပြောင်းအလဲများတယ်။ ကောင်းတဲ့ပြောင်းလဲခြင်း ဒါမှမဟုတ် ဆိုးတဲ့ပြောင်းလဲခြင်း တစ်ခုခုပါပဲ။


တချို့အမျိုးသမီးတွေက မတွေ့ဖြစ်တာ နှစ်သိပ်မကြာဘူး။ ဒါပေမယ့် သူတို့ရုပ်ရည်က ရုတ်တရက်အိုစာသွားတယ်။ ဒါဟာ နှစ်လရာသီ စွန်းထင်းကျန်ခဲ့တဲ့လက္ခဏာမဟုတ်ဘူး။ ဒါဟာ ဘဝ စွန်းထင်းပေကျံခဲ့တဲ့လက္ခဏာ
ဖြစ်တယ်။ အသက်ရွယ်တူအမျိုးသမီးနှစ်ယောက်ကို နှိုင်းယှဉ်ကြည့်ရင် တစ်ယောက်က ပိုနုပျိုနေတာကို တွေ့ရလိမ့်မယ်။ နှစ်လရာသီက
လူကိုအိုမင်းစေတာ အဆောတလျင်ရှိသလို နှေးကွေးတာလည်းရှိတယ်။

နှစ်လရာသီကို ကျွန်မတို့ရပ်တန့်လို့မရပါဘူး။ ဒါပေမယ့် ဘဝကိုဘယ်လိုဖြတ်သန်းမယ်ဆိုတာ ကျွန်မတို့မှာ ရွေးချယ်ခွင့်ရှိကြတယ်။

နေ့နဲ့ည ပြောင်းပြန်ဖြစ်မယ်၊ ကျန်းမာရေးကိုလည်း ဂရုမစိုက်ဘူး၊ စိတ်ဓာတ်ပိုင်းဆိုင်ရာလည်း မပြုပြင်ဘူးဆိုရင် ရုပ်ရည်ကကျဆင်းမှာပဲ။ ဘယ်လောက်ကောင်းတဲ့၊ နာမည်ကြီး၊ ဈေးကြီးတဲ့ အလှပြင်ပစ္စည်းတွေလည်း မကူနိုင်တော့ပါဘူး။

တချို့အမျိုးသမီးတွေက နဂိုရုပ်ရည်က အလှကြီးမဟုတ်ဘူး။ ဒါပေမယ့် နှစ်တော်တော်ကြာကြာပြန်တွေ့တဲ့အခါ တော်တော်ပြောင်းလဲသွားတယ်။ အသားအရေတွေ တောက်ပြောင်စိုပြေလာတာ တွေ့ရတယ်။
မတွေ့ဖြစ်တဲ့နှစ်တွေမှာ သူ့ကိုယ်သူ ဘယ်လောက်တန်ဖိုးထားတယ်၊ ဘယ်လောက် အသိအမှတ်ပြုတယ်ဆိုတာကို ခန့်မှန်းနိုင်ပါတယ်။ သိုင်းလေ့ကျင့်သလိုမျိုး တစ်ရက်မလေ့ကျင့်ရင် ကိုယ်တိုင်ပဲသိမယ်။ နှစ်ရက်မလေ့ကျင့်ရင် သူတစ်ပါးသိမယ်။ သုံးရက်မလေ့ကျင့်ရင် ၁ဝနှစ်လုံးလုံးလေ့ကျင့်ခဲ့သမျှ အလကားဖြစ်မယ် ဆိုသလိုပေါ့။ အမျိုးသမီးတွေရဲ့ နေ့ရက်တွေကလည်း ကိုယ့်ကိုယ်ကိုလေ့ကျင့်ခြင်း နေ့ရက်တစ်မျိုးပဲဖြစ်တယ်။

အသည်းကွဲတာချင်းအတူတူပါပဲ။ တချို့မိန်းကလေးတွေက ကိုယ့်ကိုယ်ကို အရှုံးပေးတယ်၊ စွန့်လွှတ်တယ်။ တချို့မိန်းကလေးတွေက အသည်းမကွဲခင်ထက် ပိုလန်းဆန်းလာတယ်။ အသည်းမကွဲဖို့ သင်ရွေးချယ်ပိုင်ခွင့်မရှိပါဘူး။ ဒါပေမယ့် အသည်းကွဲပြီးနောက် ဘယ်လိုရှင်သန်ရမယ်ဆိုတာ သင့်မှာရွေးချယ်ခွင့်ရှိပါတယ်။

မိန်းကလေးတွေရဲ့ရုပ်ရည်က အချိန်မရွေး သင့်ကိုထိတ်လန့်စေနိုင်ပါတယ်။ နဂိုရုပ်ရည်လှတယ်ဆိုပြီး လျော့တွက်ထားလို့မရဘူး။ လှလည်းလှတယ် ထက်လည်းထက်မြက်တယ်ဆိုရင် ပိုပြီးတောင် လျော့တွက်လို့မရဘူး။ ထက်မြက်တယ် ဒါပေမယ့် သိပ်အလှကြီးမဟုတ်ဘူးဆိုရင်လည်း လျော့တွက်ထားလို့မရဘူး။ ကြိုးစားရင် သူလည်းပြောင်းလဲသွားနိုင်တာပဲ။ မထက်မြက်တဲ့မိန်းကလေးကိုလည်း သင်လျော့မတွက်ထားလို့ မရဘူး။ သူတွေ့ကြုံတဲ့အရာက သူ့စိတ်ဓာတ်နောက်လိုက်ပြီး သူ့ကိုပြောင်းလဲသွားစေနိုင်လို့ပါပဲ။ --- Amy Cheung
.
                                                                                                       နိုင်နိုင်းစနေ၏တင်ပြချက်အားကူးယူထားပါသည်

0 comments:

Post a Comment